ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် တင်းထပ်ရွာအနီးရှိ နမ့်မချောင်းတွင် နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခန့်က အသက် ၃၅ နှစ်ခန့်အရွယ် အမည်မသိ ရဟန်းတစ်ပါး ရေဆင်းချိုးရာမှ ရေနစ်ပျံလွန်ခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ပြောကြားသည်။
ကျိုင်းတုံ၊ နိုဝင်ဘာ ၁၇

“တင်ထပ်ရွာ ဘုန်းတော်ကြီးကို မေးလျှောက်ကြည့်တော့ လွန်ခဲ့တဲ့ ၄ ရက်လောက်က အလှူမှာ ဆွမ်းလာစားသွားပြီး ဘွဲ့အမည်မေးတော့ ဝိသူရလို့ ဖြေတယ်ပြောတယ်။ စုံစမ်းကြည့်တော့ စိတ်မနှံပဲ သင်္ကန်းဝတ်နဲ့ လျှောက်သွားနေသူလို့ သိရတယ်"ဟု၎င်းကဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အသက် ၃၅ နှစ်ခန့်အရွယ် ဝိသူရဆိုသည့် ရဟန်း၌ ပြင်ပဒဏ်ရာများ မတွေ့ရှိဘဲ ရေနစ်ပျံနှံခဲ့၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန်စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ် (၄၆/၂၀၁၇) ရေးဖွင့်ကာ စုံစမ်းနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။