တရုတ်စူပါလိဂ်ပြိုင်ပွဲဝင်ကလပ် ရှန်ဟိုင်း SIPG အသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်း ဟော့ခ်သည် ၎င်းကိုခေါ်ယူရန် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းများက ကမ်းလှမ်းဆက်သွယ်ထားကြောင်း အတည်ပြုလိုက်ပြီဖြစ်ပြီး လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အပြောင်းအရွှေ့အတွက် ဆွေးနွေးဖြစ်နိုင်သည်ဟုလည်း ဟော့ခ်က အသိပေးထားသေးကြောင်း The Mirror က ဖော်ပြထားသည်။
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၈

ပေါ်တူဂီကလပ် ပေါ်တိုနှင့် ရုရှားကလပ် ဇင်းနစ်တို့ကို ကိုယ်စားပြု၍ ဥရောပဘောလုံးလောကတွင် ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သော ဟော့ခ်သည် လက်ရှိအချိန်တွင်လည်း တရုတ်ဆူပါလိဂ်၌ စွမ်းဆောင်ရည်ကောင်းများကို ထုတ်ဖော်ပြသနေဆဲဖြစ်ကာ ယခုနှစ်ဘောလုံးရာသီတွင် ရှန်ဟိုင်း SIPG ကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၂၆ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ ဟော့ခ်က သွင်းဂိုး ၁၇ ဂိုး၊ ဂိုးဖန်တီးမှု ၁၁ ကြိမ် ရယူပံ့ပိုးပေးထားပြီးဖြစ်သည်။

ချယ်လ်ဆီးနှင့် မန်စီးတီးတို့သည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ဟော့ခ်ကို ခေါ်ယူရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြဖူးပြီး လက်ရှိတွင် ၎င်းကိုခေါ်ယူရန် ဆက်သွယ်ကမ်းလှမ်းထားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများမှာ မည်သည့်အသင်းများဖြစ်သည်ဆိုခြင်းကိုမူ ဟော့ခ်က လျှို့ဝှက်ထားဆဲဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဟော့ခ်က “ဘောလုံးလောကမှာဖြတ်သန်းကျင်လည်နေသူတွေအတွက် နောက်တစ်နေ့မှာ ဘာဖြစ်မယ်ဆိုတာကို ဘယ်သူကမှ မခန့်မှန်းနိုင်ပါဘူး။ အရာရာဟာ ပြောင်းလဲလို့နေပါတယ်။ အခုအချိန်မှာ ကျွန်တော်ရဲ့အေးဂျင့်ဆီကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပါအ၀င် ဥရောပတစ်လွှားကအသင်းတစ်ချို့က ကမ်းလှမ်းဆက်သွယ်နေကြပါပြီ။ ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ကျွန်တော့်ရဲ့အနာဂတ်က တစ်ခုခု ထူးခြားလာနိုင်ပါတယ်။ ပရီးမီးယားလိဂ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် အခုအချိန်ထိ ကျွန်တော် ဆန္ဒရှိနေဆဲပါပဲ”ဟု ပြောကြားသွားခဲ့သည်။