ဆေးမင်ကြောင် မထိုးသည်မှာ ပုံမှန်သွေးလှူရှင်တစ်ဦးဖြစ်နေခြင်းကြောင့်ဟု စီရော်နယ်ဒို ရှင်းပြ
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအနေနှင့် ခန္ဓာကိုယ်တွင် ဆေးမင်ကြောင် မရေးထိုးသည်မှာ ပုံမှန်သွေးလှူရှင်တစ်ဦးဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
မက်ဒရစ်၊ နိုဝင်ဘာ ၂၅
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်းအနေနှင့် ခန္ဓာကိုယ်တွင် ဆေးမင်ကြောင် မရေးထိုးသည်မှာ ပုံမှန်သွေးလှူရှင်တစ်ဦးဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
စီရော်နယ်ဒိုသည် ၎င်း၏အသက် ၂၄ နှစ်အရွယ်ကတည်းကပင် ပုံမှန်သွေးလှူရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ကာ လူတစ်ဦး၏သွေးတစ်ကြိမ် လှူဒါန်းမှုမှာ အရေးပေါ်အခြေအနေများတွင် လူသုံးဦးခန့်၏အသက်ကို ကယ်တင်ပေးနိုင်စွမ်းရှိကြောင်း စီရော်နယ်ဒိုက ရှင်းပြထားသည်။
ဆေးမင်ကြောင်ရေးထိုးထားသူများသည် သွေးလှူဒါန်းမှုကို ဆောင်ရွက်နိုင်စွမ်းရှိသော်လည်း ဆေးမင်ကြောင်အသစ်တစ်ခု ခန္ဓာကိုယ်တွင်ရေးထိုးလိုက်ပါက အခြားသောဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်မလာစေရန်အတွက် ဆေးမင်ကြောင်ရေးထိုးအပြီး ခြောက်လ သို့မဟုတ် တစ်နှစ်ကြာမှသာ သွေးလှူဒါန်းခွင့်ရှိကြောင်း ဆေးပညာရှင်များက အသိပေးထားကြသည်။
စီရော်နယ်ဒိုသည် ၎င်းမှာ သွေးမကြာခဏ လှူဒါန်းပေးလေ့ရှိသည့်အတွက် ဆေးမင်ကြောင်ရေးထိုးလိုက်မည်ဆိုပါက မည်သို့မျှ အဆင်ပြေနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့ကာ လက်ရှိတွင် သွေးလှူဒါန်းမှုဆိုင်ရာ လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် Abbott ၏သံတမန်တစ်ဦးအဖြစ်လည်း စီရော်နယ်ဒိုက ခန့်အပ်ခြင်းခံထားရပြီဖြစ်သည်။
စီရော်နယ်ဒိုသည် သွေးအလှူရှင်အဖြစ်သာမက ရိုးတွင်းချဉ်ဆီအလှူရှင်အဖြစ်လည်း ရပ်တည်လျက်ရှိကာ သွေးနှင့် ရိုးတွင်းချဉ်ဆီ ပထမဆုံးအကြိမ်လှူဒါန်းမှုကို ၎င်း၏ပေါ်တူဂီလက်ရွေးစင်အသင်းဖော်ဟောင်း ကာလို့စ်မာတင်းစ်၏ရင်သွေးအတွက် စီရော်နယ်ဒိုက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် လက်ရှိတွင် ရိုးတွင်းချဉ်ဆီ လှူဒါန်းရေးအတွက်လည်း လူအများကို တိုက်တွန်းလှုံ့ဆော်မှုများ ဆောင်ရွက်နေပြီး ရိုးတွင်းချဉ်ဆီလှူဒါန်းရာတွင် နာကျင်မှုဝေဒနာ ပြင်းထန်စွာခံစားရသည်ဟု အများသူငါ ထင်မှတ်နေခြင်းမှာ မှားယွင်းပါကြောင်း၊ တိုးတက်ခေတ်မီလာသည့် ဆေးပညာသစ်များအရ ရိုးတွင်းချဉ်ဆီ ထုတ်ယူမှုမှာ သွေးလှူဒါန်းမှုတွင် သွေးထုတ်ယူမှုမျှသာ နာကျင်တော့ကြောင်း ၎င်းက ရှင်းပြထားသည်။
No comments:
Post a Comment